နေပြည်တော်၊ ဒီဇင်ဘာ(၄)ရက်။
မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့် အုပ်စုပွဲစဉ်များကို နေ့လည်(၃:ဝဝ)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူနည်းပြနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းဝင်ရောက် နေရာယူပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် ဘောလုံးအားကစားနည်းအပေါ် မျိုးဆက်သစ်လူငယ်များ ပိုမိုစိတ်ဝင်စားလာပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် ထူးချွန် ထက်မြက်သော မျိုးဆက်သစ်ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ Women Development Programme အရ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ျွှသာနညဒျ ူနေါကန ပြိုင်ပွဲကို ၂ဝ၁၇ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲကို သာမန်အားကစားပြိုင်ပွဲအဖြစ် သဘော မထားဘဲ နိုင်ငံတကာအလယ်တွင် ဘောလုံးအားကစားနည်းဖြင့် ဂုဏ်ယူဝံ့ကြွားနိုင်ရန် အထောက်အကူဖြစ်စေမည့် ပြိုင်ပွဲတစ်ရပ်အဖြစ် မှတ်ယူပြီး ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အားကြိုးမာန်တက် ယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အမျိုးသမီးဘောလုံးအားကစားနည်းမှ ကြေးတံဆိပ်(၁)ခုကို ဆွတ်ခူးရရှိခဲ့သည့်အတွက် နောင်ပြိုင်ပွဲ များတွင် ချန်ပီယံရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိနိုင်အောင် ယခုပြိုင်ပွဲများမှစ၍ ကြိုးစားဆောင်ရွက် သွားကြစေလိုကြောင်း၊ မြန်မာအမျိုးသမီး ဘောလုံးအားကစားသမားများအနေဖြင့် မိမိတို့၏ အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန် ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓါတ် အပြည့်အဝဖြင့် အားသွန်ခွန်စိုက် ယှဉ်ပြိုင်ကစားသွားကြပြီး မျိုးဆက်သစ်နိုင်ငံံ လက်ရွေးစင်အားကစားသမားကောင်းများဖြစ်အောင် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို လေးစား လိုက်နာသွားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲတွင် ကြီးကြပ်ဆောင်ရွက်ကြမည့် ဒိုင်လူကြီးများအနေ ဖြင့်လည်း ဘက်လိုက်မှု ကင်းရှင်းပြီး တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်သွားကြ စေလိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲများမှ နိုင်ငံတကာ အားကစားပြိုင်ပွဲများအထိ မြန်မာဘောလုံးအားကစား တိုးတက်မြင့်မားလာစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြပါဟု တိုက်တွန်းမှာကြားကာ ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပါသည်။]

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအသီးသီးရှိ အမျိုးသမီး(၁၅)သင်း၊ အားကစားသမား စုစုပေါင်း (၂၇၈)ဦးတို့သည် ဒီဇင်ဘာ(၄)ရက်နေ့မှ (၁၉)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေး ဘောလုံးကွင်းအမှတ်(၁)နှင့် (၃)တို့တွင်နေ့စဉ် နံနက်(၇:၃ဝ)နာရီအချိန်နှင့် နေ့လည်(၃:၃ဝ) နာရီ အချိန်တို့တွင် စတင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စား သော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။