နေပြည်တော်၊ ဒီဇင်ဘာ(၁၇)ရက်။
မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ် လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက် ရှိရာ ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ယနေ့နံနက်(၇)နာရီခွဲအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းမှ(၅)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိ သွားပါသည်။
ဆက်လက်၍ နေ့လည်(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ (၅)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိ သွားပါသည်။
အဆိုပါ ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို (၁၈.၁၂.၂ဝ၁၇)ရက်နေ့တွင် ရပ်နားမည်ဖြစ်ပြီး (၁၉.၁၂.၂ဝ၁၇)ရက်နေ့တွင် တတိယလုပွဲအဖြစ် နံနက်(၇)နာရီခွဲတွင် မွန်ပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်း၊ ဗိုလ်လုပွဲအဖြစ် ညနေ(၃)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက် ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။