ရန်ကုန်၊ သြဂုတ်လ(၉)ရက်။
၂၀၁၉ခုနှစ်၊ သြဂုတ်လ (၂)ရက်နေ့မှ(၈)ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့တွင်ကျင်းပပြုလုပ်သည့် အာရှနိုင်ငံများ Special Olympics International Football Championship ပြိုင်ပွဲတွင် မြန်မာဉာဏ်ရည်မသန်စွမ်းသူများဘောလုံးအသင်းက ပထမဆုဖလားအား ရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အရှေ့တောင်အာရှနှင့်အာရှမှ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ သြစတေးလျ၊ အီဂျစ်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လဒိုက်၊ အိန္ဒိယနိုင်ငံပေါင်း(၉)နိုင်ငံ၊ အသင်းပေါင်း(၁၀)သင်းအုပ်စု(၃)စုဖွဲ့၍(၅)ယောက်တစ်ဘက်ကစားကာ ပထမပိုင်း(၁၅)မိနစ် ကစား(၅)မိနစ်နား၊ ဒုတိယပိုင်း (၁၅)မိနစ်ကစားယှဉ်ပြိုင်ရသဖြင့် အုပ်စု(၁)တွင် မလေးရှား အသင်းက ပထမ၊ ဘင်္ဂလားဒေ့ရှ်အသင်းက ဒုတိယနှင့်ကိုရီးယားအသင်းက တတိယအဖြစ်လည်းကောင်း၊ အုပ်စု(၂)တွင် အီဂျစ်အသင်းက ပထမ၊ သြစတေးလျအသင်းက ဒုတိယနှင့် မော်လဒိုက်အသင်းက တတိယ အဖြစ်လည်းကောင်း၊ အုပ်စု(၃)တွင် မြန်မာအသင်းက ပထမ၊ အင်ဒိုနီးရှားအသင်းက ဒုတိယနှင့်အိန္ဒိယ(ခ)အသင်းက တတိယဆုရရှိခဲ့သည်။
အဆိုပါအောင်ပွဲရ မြန်မာဉာဏ်ရည်မသန်စွမ်းသူများဘောလုံးအသင်း အဖွဲ့ခေါင်းဆောင်ဦးဆောင်သော မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းသူများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးသန်းဇော်(ငြိမ်း)၊ အုပ်ချုပ်၊ နည်းပြ(၂)ဦး၊ ကစားသမား(၈)ဦး ၊ စုစုပေါင်း(၁၁)ဦးတို့သည် ယမန်နေ့ည(၆)နာရီ (၄၅)မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကာ Special Olympics မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းသူများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့်အမှုဆောင်များ၊ မြန်မာနိုင်ငံဘိုးလင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမျိုးအောင်၊ ဆုရအားကစားသမားများ၏ မိဘဆွေမျိုးများ ကသောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြောင်းသိရှိရသည်။