spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၂၀ပြည့်နှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် တက်ရောက်ဖွင့်လှစ်

၂၀၂၀ပြည့်နှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် တက်ရောက်ဖွင့်လှစ်

နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၉)ရက်။             

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသော တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ(၃)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေး ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော် ကျန်းမာရေးနှင့် အားကစားယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဌ ဒေါက်တာဇော်လင်းထွဋ်နှင့် အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကျင်းပရခြင်းဖြင့် အမျိုးသားရေးကျန်းမာကြံ့ခိုင်မှုအဆင့်အတန်းမြင့်မားရေး၊ မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများပေါ်ထွက်လာရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ဖြစ်ပေါ်လာစေရန်နှင့် မြန်မာအမျိုးသမီး ဘောလုံးလောက တိုးတက်မြင့်မားလာစေရေးအတွက် မျိုးဆက်သစ် အမျိုးသမီး ဘောလုံးအားကစားသမားများ အစဉ်အဆက်မပြတ် ထွက်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီး ဌာနအနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပေါင်းစပ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသမီးဘောလုံးပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ ယနေ့ ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် မိမိတို့၏ အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန် ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အားသွန်ခွန်စိုက် ယှဉ်ပြိုင်ကစားသွားကြစေလိုကြောင်း၊ အမျိုးသမီးတို့၏ ဘောလုံးအားကစားစွမ်းရည်ဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင်  ကြိုးပမ်းဆောင်ရွက်သွားဖို့ အလေးအနက်မှာကြားလိုပါကြောင်း၊ အားကစားပြိုင်ပွဲများမှတစ်ဆင့် ပြည်ထောင်စုစိတ်ဓာတ်ကိုရယူတည်ဆောက်ပြီး မြန်မာ့ဘောလုံးအားကစားလောက တိုးတက်မြှင့်မားလာစေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းမှာကြားကာ ၂၀၂၀ပြည့်နှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို  ဖွင့်လှစ်ပေးခဲ့သည်။

  

ထို့နောက် အမျိုးသားလွှတ်တော် ကျန်းမာရေးနှင့် အားကစားယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဌ ဒေါက်တာဇော်လင်းထွဋ်နှင့်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲဝင် အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ယနေ့ပြိုင်ပွဲအဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ (၅)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။

 

၂၀.၂.၂၀၂၀ရက်နေ့ ညနေ(၃)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၁)တွင်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားလေ့ကျင့်ရေးကွင်း(၃)တွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

င်းဒေသကြီးနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲကို(၁၉.၂.၂၀၂၀)ရက်နေ့မှ (၄.၃.၂၀၂၀)ရက်နေ့အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲဝင်အသင်း(၁၃)သင်း၊ ပြိုင်ပွဲဝင် အားကစားသမား(၂၂၄)ဦးဖြင့် ဝဏ္ဏသိဒ္ဓိဘောလုံးလေ့ကျင့်ရေးအားကစားကွင်း(၁)နှင့် ကွင်း(၃)တို့၌ နေ့စဉ် နံနက်(၇)နာရီ(၃၀)မိနစ်နှင့် ညနေ(၃)နာရီအချိန်တို့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့်အခမဲ့လာရောက် ကြည့်ရှုနိုင်ပါကြောင်း သတင်းရရှိသည်။

 


Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%82%E1%81%80%E1%80%95%E1%80%BC%E1%80%8A%E1%80%B7%E1%80%BA%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%82%E1%81%85%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2