spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ကယားပြည်နယ် အားကစားကွင်း/အားကစားရုံ များ ကြည့်ရှုစစ်ဆေး

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ကယားပြည်နယ် အားကစားကွင်း/အားကစားရုံ များ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေလ(၁)ရက်။          ။             

ပြည်သူများ ကျန်းမာကြံ့ခိုင်စေရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားကို ပြုလုပ်နိုင်ရေးနှင့် မြန်မာအားကစား ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်ခရိုင် /တိုင်းအဆင့် အားကစားပြိုင်ပွဲများ မကြာမီ ပြန်လည်ကျင်းပတော့မည်ဖြစ်ရာ မြို့နယ်အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ အဆင့်မြင့်ပြီး ကောင်းမွန်သန့်ရှင်းသပ်ရပ်စေရေးသည် အဓိကဖြစ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ဧပြီလ (၃၀)ရက်နေ့နှင့် မေလ (၁)ရက်နေ့တို့တွင် အားကစားနှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကယားပြည်နယ်ရှိ အားကစားကွင်း/အားကစားရုံများ အသစ်တည်ဆောက်နေမှု ပြုပြင်မွမ်းမံနေမှုကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မေလ (၃၀)ရက်နေ့တွင် ကယားပြည်နယ် ဒီမောဆိုမြို့နယ် အားကစားကွင်းနှင့် အားကစားရုံ၊ ဝန်ထမ်းအိမ်များ အသစ်တည်ဆောက်နေမှုနှင့် အဝီစိတွင်း တူးဖော်မည့်နေရာကို ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ ဖရူဆိုမြို့နယ် အားကစားကွင်းနှင့် (၂)ထပ်ပွဲကြည့်စင် ဆောက်လုပ်နေမှုကိုလည်းကောင်း၊ ဘော်လခဲခရိုင် အားကစားကွင်း၊ (၄)ခန်းတွဲ (၃)ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုနှင့် အားကစားကွင်း/အားကစားရုံတို့ကို ကြည့်ရှုစစ်ဆေး၍လည်းကောင်း လုပ်ငန်းများ စံချိန်စံညွှန်း ကောင်းမွန်ပြီး အချိန်မီ ပြီးစီးနိုင်ရေး အသီးသီး လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဖားဆောင်းမြို့နယ် အားကစားကွင်း/ အားကစားရုံများ ကြည့်ရှုစစ်ဆေး၍ ဘောလုံးကွင်း ရေရရှိစေရေး ကွင်းရေဖျန်းစနစ်နှင့် ပွဲကြည့်စင်အဝင်လမ်း ပြုလုပ်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ မယ်စဲ့မြို့နယ်အားကစားကွင်း၊ ပွဲကြည့်စင် တိုးချဲ့ဆောက်လုပ်မည့် နေရာနှင့် အားကစားရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး ဘောလုံးကွင်း ဂိုးတိုင်နောက် မြေလွတ်နေရာများ မြေဖို့ရန်နှင့် နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်)ကျောင်းသို့  သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ချုပ်ရေးမှူး ရုံးခန်း၌ အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်)ကျောင်းအုပ်ကြီးမှ ကျောင်းပြုပြင်ထိန်းသိမ်းမှုများ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေမှုကို ဒုတိယဝန်ကြီးအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များ ဖြည့်ဆည်းမှာကြားပြီး အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအတွင်းရှိ အားကစားရုံများ ပြုပြင်မွမ်းမံနေမှုများ၊ စားရိပ်သာ၊ သင်တန်းသား/သူများ၏ အိပ်ဆောင်များနှင့် (၄)ခန်းတွဲဝန်ထမ်းအိမ်ယာ တည်ဆောက်နေမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လွိုင်ကော်မြို့နယ်ရှိ ပြည်နယ်ရုံးတွင် ဝန်ထမ်းများအားတွေ့ဆုံ၍ နှုတ်ဆက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်နယ် အားကစားကွင်းအတွင်းရှိ  တင်းနစ်အားကစားကွင်း၊ ရေကူးကန်နှင့် GYM ခန်းမတည်ဆောက်နေမှုနှင့် မီတာ (၄၀၀)ပြေးလမ်းအား Synthetic ခင်းကျင်းမှုကို ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ လွိုင်ကော်မြို့နယ်ရှိ ဖူဆယ်အားကစားရုံတို့ကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည့်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

            


Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%A6%E1%80%B8%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA-%E1%80%80%E1%80%9A%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA