spedmyanmar
Published on spedmyanmar (https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 
 
နေပြည်တော်၊ နိုဝင်ဘာလ(၉)ရက်။  
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ကျင်းပသော၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၈)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်းအမှတ်-၃၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရစ်ကက် အဖွဲ့ချုပ် ဥက္ကဌဦးသန်းဝင်းနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြပါသည်။
 
 
 
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်း ဝင်ရောက်နေရာယူပြီးနောက် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုပြိုင်ပွဲကျင်းပရခြင်းမှာ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ ထူးချွန်သောအားကစားမောင်/မယ်များအား မြန်မာ့လက်ရွေးစင် အားကစား သမားများအဖြစ် မွေးထုတ်ပေးနိုင်ရေး၊ နိုင်ငံတကာပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုရရှိနိုင်ရေး၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်တွင်ရှိသော လက်ရွေးစင်အသင်းများ နိုင်ငံတကာအဆင့် လက်ရည်စစ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ခရစ်ကက်အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေရေးနှင့် ခရစ်ကက်အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်ပါကြောင်း၊  ပြိုင်ပွဲဝင်အားကစားသမားများသည် မိမိတို့ ကိုယ်စားပြုယှဉ်ပြိုင်တဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်ရဲ့ဂုဏ်ကိုမြှင့်တင်ပြီး အားကစားသမားစိတ်ဓါတ် အပြည့်အဝဖြင့် မိမိတို့အစွမ်းအစ အရည်အသွေးကို အားသွန်ခွန်စိုက်ယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ ပြိုင်ပွဲဝင်ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုကင်းရှင်းပြီး ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းများနှင့် အညီ တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းမှာကြားရင်း ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကက်ပြိုင်ပွဲကို  ဖွင့်လှစ်ပေးခဲ့ပါသည်။
 
 
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိသူများသည် အားကစားသမားများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်ဥက္ကဌမှ ခရစ်ကက်အားကစားပစ္စည်း များထောက်ပံ့ပေးအပ်ကာ အမျိုးသမီးပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။
 
ဆက်လက်၍  ၂ဝ၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကက်ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိ လေ့ကျင့်ရေးကွင်းများတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်း(၁၅)သင်း ၊ အားကစားသမား (၃၁၉) ဦးတို့သည် (၉.၁၁.၂ဝ၁၈) ရက်နေ့ မှ(၁၄.၁၁.၂ဝ၁၈)ရက်နေ့အထိ နေ့စဉ်နံနက် (၈) နာရီ အချိန်မှ စတင်၍ အသီးသီးယှဉ်ပြိုင် ကစားကြမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။

Source URL: https://mail.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%81%E1%80%9B%E1%80%85%E1%80%BA%E1%80%80%E1%80%80%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95