နေပြည်တော်၊ နို၀င်ဘာလ(၁၀)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်တို့ပူးပေါင်း၍ကျင်းပသော ၂၀၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကက်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက် (၈)နာရီအချိန်တွင် ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်းများ၌ကျင်းပပြုလုပ်ရာ ကွင်းအမှတ်(၄)တွင် အမျိုးသားအုပ်စုပွဲစဉ်များအဖြစ် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကြရာ ပဲခူးတိုင်းဒေသကြီးအသင်းမှလည်းကောင်း၊ နေပြည်တော်အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ နေပြည်တော်အသင်းမှလည်းကောင်း၊ ကွင်းအမှတ်(၁)တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှလည်းကောင်း၊ ချင်းပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကြရာ ကယားပြည်နယ်အသင်းမှလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပြီး ညနေပိုင်းပွဲစဉ်များအဖြစ် ကွင်းအမှတ်(၄)တွင် မကွေးတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း၊ ကွင်းအမှတ်(၁)တွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့သည် ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သတင်းရရှိပါသည်။

အမျိုးသမီးပွဲစဉ်များအဖြစ် တင်းနစ်လေ့ကျင့်ရေးကွင်းဘေးတွင် မကွေးတိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကြရာ မကွေးတိုင်းဒေသကြီးအသင်းမှလည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကြရာ ရခိုင်ပြည်နယ်အသင်းမှလည်းကောင်း၊ ကွင်းအမှတ်(၃)တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ဧရာ၀တီတိုင်းဒေသကြီး အသင်းတို့ယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းမှလည်းကောင်း၊ ကယားပြည်နယ်အသင်းနှင့် နေပြည်တော်အသင်းတို့ယှဉ်ပြိုင်ရာ ကယားပြည်နယ်အသင်းမှလည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ပါသည်။
အဆိုပါ ၂၀၁၈ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ခရစ်ကက်ပြိုင်ပွဲကို (၉.၁၁.၂၀၁၈)ရက်နေ့မှ (၁၄.၁၁.၂၀၁၈)ရက်နေ့အထိ နေ့စဉ် နံနက်(၈)နာရီအချိန်မှစတင်၍ ၀ဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်းများတွင် ယှဉ်ပြိုင်ကစားလျက်ရှိပြီး (၁၁.၁၁.၂၀၁၈)ရက်နေ့တွင် အမျိုးသား/အမျိုးသမီး အုပ်စုပတ်လည်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပါသဖြင့် အားကစားကို စိတ်ပါ၀င်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။