ရန်ကုန်၊ နိုဝင်ဘာလ( ၂၈ )ရက်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ကူညီပံ့ပိုးကြီးကြပ်မှုဖြင့် ကမ္ဘာ့ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂ဝ၁၈ခုနှစ်၊ ကမ္ဘာ့အဆင့် ဘိလိယက်နှင့်စနူကာပြိုင်ပွဲကိုနိုဝင်ဘာ(၁၂)ရက်နေ့မှ (၂၇)ရက်နေ့အထိ မြန်မာနိုင်ငံတွင်အိမ်ရှင် အဖြစ်ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း(၃၆)နိုင်ငံမှ ကမ္ဘာ့အဆင့်ဘိလိယက် အားကစားသမားပေါင်း(၁၉၇)ဦးဝင်ရောက်ယှဉ်ပြိုင်ကြရာ ဘိလိယက်အားကစားနည်းဖြစ်သည့် 150up Event ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဘိလိယက်အားကစားသမား နေသွေးဦးသည် ကမ္ဘာ့အဆင့် ပြိုင်ဘက်များကို အနိုင်ရရှိပြီး မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ကမ္ဘာ့အဆင့် ဒုတိယငွေတံဆိပ် ဆုကို ရယူပေးနိုင်ခဲ့သော အားကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ရပါသည်။
ထို့အပြင် Snooker အားကစားနည်းကို နိုဝင်ဘာလ(၁၉)ရက်နေ့မှ (၂၇)ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံပေါင်း(၂၆)နိုင်ငံမှ အားကစားသမားပေါင်း (၁၅ဝ)ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ယမန်နေ့ညနေ(၆)နာရီက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် Grand Mersure Hotel ၌ဆက်လက်ကျင်းပခဲ့ရာ ဆုပေးပွဲအခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြသန်းထိုက် ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်တာဝန်ရှိသူများ၊ ကမ္ဘာ့ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဌ Mr. MUBARAK HAMAD M,s AL - KHAYARIN နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာမင်းနိုင်၊ ဒုတိယဥက္ကဌများနှင့်အမှုဆောင်များ၊ ဖိတ်ကြားထာသူများနှင့် ဆုရအားကစားသမားများတက်ရောက်ကြသည်။