ကူးသန်းရောင်းဝယ်ရေးဆိုင်ရာအမှု စီရင်ချက်များ ထုတ်ပြန်ခြင်းစနစ် မိတ်ဆက်အခမ်းအနား ကျင်းပ

17-2-2021 News1
17-2-2021 News2
17-2-2021 News3
17-2-2021 News4
17-2-2021 News5
17-2-2021 News6

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

ကူးသန်းရောင်းဝယ်ရေးဆိုင်ရာအမှု စီရင်ချက်များ ထုတ်ပြန်ခြင်းစနစ် မိတ်ဆက်အခမ်းအနားကို Virtual Ceremony အဖြစ် ယနေ့နံနက် (၀၉:၃၀) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုတရားသူကြီးချုပ်က အမှာစကားပြောကြားရာတွင် ‘ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အမှုစီရင်ချက်များ ထုတ်ပြန်ခြင်းစနစ်’ သည် တရားရုံးနည်းပညာဆိုင်ရာ ခြေလှမ်းတစ်ရပ်ဖြစ်ပြီး၊ တရားရုံး၏ဆောင်ရွက်ချက်များ ပွင့်လင်းမြင်သာမှုရှိစေရန်တရားရုံး သတင်းအချက်အလက်ပေးခြင်းနှင့် အသိပညာပေးခြင်းတို့ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်မြန်မာနိုင်ငံ၏စီးပွားရေးလုပ်ငန်းများ လွယ်ကူစွာလုပ်ကိုင်နိုင်မှု အဆင့်ရလဒ် မြင့်မားလာစေရေးအတွက် အထောက်အကူပြုရန် ရည်ရွယ်၍ Denmark-Myanmar Country Programme on Rule of Law and Human Rights အကူအညီဖြင့်ဆောင်ရွက်ခဲ့ကြောင်း၊ “ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စီရင်ချက်များကို လေ့လာဖတ်ရှုရန် အားထုတ်ရှာဖွေရသည့် အခြေအနေမှ ယခု ‘အမှုကြောင်းရာပေါ် အခြေပြုပြီး အချက်အလက်များဖြင့် ရှာဖွေနိုင်သည့် စနစ်သစ်တစ်ရပ်’ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း၊ အမှုစစ်တရားသူကြီးများအနေဖြင့် မိမိတို့၏ ဆုံးဖြတ်ချက်များကို ဥပဒေနှင့်ညီညွတ်သော၊ ဘက်လိုက်မှုကင်းသော၊ အရည်အသွေးပြည့်ဝသော စီရင်ချက်များဖြစ်ရန်အတွက် ပိုမိုအလေးထား ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြည်ထောင်စုတရားစီရင်‌ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အမှုစီရင်ချက်များထုတ်ပြန်ခြင်းစနစ် ပေါ်ပေါက်မှုနှင့်စပ်လျဉ်း၍ ပြောကြားခဲ့ပြီး ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အမှုစီရင်ချက်များ ထုတ်ပြန်ခြင်းစနစ် ဗီဒီယိုကို ပြသခဲ့သည်။  

ယင်းအခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တရားသူကြီးချုပ်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး / ပြည်နယ် တရားရေးဦးစီးမှူးများနှင့် ခရိုင်တရားသူကြီးများ တက်ရောက်ကြသည်။

၁၉၄၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ မြန်မာနိုင်ငံစီရင်ထုံးများကို rcms.usc.gov.mm တွင် လည်းကောင်း၊ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်ထိ တရားရုံးအဆင့်ဆင့်၏ ကူးသန်းရောင်းဝယ်မှုဆိုင်ရာ အမှုစီရင်ချက်များကို cjs.usc.gov.mm တွင်လည်းကောင်း အချက်အလက်များဖြင့် ရှာဖွေလေ့လာနိုင်ပါသည်။