ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ကိုယ်စားလှယ်အဖွဲ့ အမေရိကန်ပြည်ထောင်စုသို့ “တရားစီရင်ရေးလေ့ကျင့်သင်ကြားရေးဆိုင်ရာ လေ့လာရေးခရီးစဉ်” သွားရောက်ခဲ့ရာမှ ပြန်လည်ရောက်ရှိ





နေပြည်တော် ဖေဖော်ဝါရီ ၁၃
အမေရိကန်ပြည်ထောင်စုရှိ ဝါရှင်တန်ဒီစီမြို့နှင့် နယူးယောက်မြို့များတွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၇ ရက်နေ့ထိပြုလုပ်သည့် “တရားစီရင်ရေး လေ့ကျင့်သင်ကြားရေးဆိုင်ရာလေ့လာရေးခရီးစဉ်” သို့တက်ရောက်ရန် သွားရောက်ခဲ့သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးဝင်း ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ ညပိုင်းက ပြန်လည်ရောက်ရှိသည်။
အဆိုပါလေ့လာရေးခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်ပြည်ထောင်စု ပြည်နယ်တရားရုံးများအတွက် လေ့ကျင့်သင်ကြားရေးဗဟိုဌာန (National Center for State Courts)၊ ဝါရှင်တန်ဒီစီတရားရုံးများ၏ ပညာရေးနှင့်လေ့ကျင့်သင်ကြားရေးဆိုင်ရာဌာန (Center for Education & Training, DC Courts)၊ မေရီလန်းပြည်နယ် တရားစီရင်ရေးဆိုင်ရာ ကောလိပ်နှင့်ညီလာခံဌာန (Maryland Judicial College & Conference Center)၊ နယူးယောက်ပြည်နယ် တရားစီရင်ရေးဆိုင်ရာအင်စတီကျု (New York State Judicial Institute)၊ တရားရုံး တီထွင်ဆန်းသစ်ခြင်းဆိုင်ရာဌာန (Center for Court Innovation) တို့သို့သွားရောက်၍ တရားစီရင်ရေးလေ့ကျင့်သင်ကြားပေးရေးနှင့်စပ်လျဉ်း၍ တာဝန်ယူဆောင်ရွက်နေသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ချီကာဂိုရှိ အမေရိကန်ရှေ့နေအသင်း၊ တရားစီရင်ရေးဌာနခွဲ (American Bar Association Judicial Division Section in Chicago) မှ တာဝန်ရှိသူများနှင့် ဗီဒီယို ကွန်ဖရင့် လိုင်းမှတစ်ဆင့် ဆွေးနွေးခြင်း၊ ဝါရှင်တန်ဒီစီရှိ ကိုလံဘီယာ ဖယ်ဒရယ်နယ်မြေအမှုစစ်တရားရုံး (DC Superior Court of the District of Columbia)၊ မေရီလန်းပြည်နယ် အယူခံတရားရုံး (Court of Appeals of Maryland)၊ မေရီလန်းပြည်နယ် ပရင့်စ်ဂျော့ချ်စီရင်စု ဆားကစ်တရားရုံး (Maryland Circuit Court Prince George County) တို့သို့သွားရောက်လေ့လာ၍ တရားစီရင်ရေးနှင့်တကွ တရားစီရင်ရေးဆိုင်ရာ လေ့ကျင့်သင်ကြားပေးနေမှုများကို ဆွေးနွေးမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ လေ့လာရေးခရီးစဉ်အား ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်းအရ ပူးပေါင်းဆောင်ရွက်နေသည့် မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် အမေရိကန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ၏ မြန်မာနိုင်ငံတရားဥပဒေစိုးမိုးမှု မြှင့်တင်ရေးစီမံကိန်း (USAID-PRLM) ၏ ကူညီပံ့ပိုးမှုဖြင့် သွားရောက်ခြင်းဖြစ်သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးဝင်းနှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသည့် ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ပြုံးပြုံးအေး၊ ပြည်ထောင်စုတရားသူကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဦးကိုကိုနိုင်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး လေ့ကျင့်ဌာန ညွှန်ကြားရေးမှူး ဒေါ်စုစုဝင်း၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးနှင့်သုတေသနဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးတို့ ပြန်လည်လိုက်ပါလာသည်။