နည်းပညာသုံးမှုခင်းစီမံခန့်ခွဲမှုစနစ် Automated Case Management System (ACMS) တိုးချဲ့ဆောင်ရွက်ရန် Video Conferencing စနစ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
နေပြည်တော် နိုဝင်ဘာ ၁၈
တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၁၈ - ၂၀၂၂) အရ မဟာဗျူဟာ ရည်မှန်းချက်များနှင့်အညီ အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် တရားရုံးများတွင် စမ်းသပ်ကျင့်သုံးနေသည့် နည်းပညာသုံး မှုခင်းစီမံခန့်ခွဲမှုစနစ် (ACMS) ကို ၂၀၂၁ ခုနှစ်တွင် တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၀၉:၀၀) နာရီတွင် Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၂၀၂၁ ခုနှစ်တွင် နည်းပညာသုံး မှုခင်းစီမံခန့်ခွဲမှုစနစ် တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ အဆိုပါ စမ်းသပ်ကျင့်သုံး ဆောင်ရွက်နေသည့် တရားရုံးများတွင် တွေ့ကြုံနေရသည့်အခက်အခဲများ ဖြေရှင်းရမည့်နည်းလမ်းများ တိုးချဲ့ဆောင်ရွက်မည့် တရားရုံးများ ရွေးချယ်သတ်မှတ်ခြင်းနှင့် ACMS အကောင်အထည်ဖော်ရေး စီမံချက်ရေးဆွဲခြင်း ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် မှုခင်းစီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဒေါ်တင်နွယ်စိုး (ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး) နှင့်အဖွဲ့ဝင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ လေ့ကျင့်သင်ကြားရေး လုပ်ငန်းအဖွဲ့ဝင်များ၊ နည်းပညာသုံး မှုခင်းစီမံခန့်ခွဲရေးစနစ် လုပ်ငန်းအဖွဲ့ဝင်များနှင့် USAID - PRLM မှ Deputy Chief of Party Mr.Sam Cooper ၊ နည်းပညာကျွမ်းကျင်သူ Dr.Kaz နှင့် တာဝန်ရှိသူများ စုစုပေါင်း (၁၈) ဦးတက်ရောက်ကြပါသည်။