စေ့စပ်ဖြေရှင်းရေးအရာရှိသင်တန်း ကျင်းပ

22-1-2021 news 1
22-1-2021 news 2
22-1-2021 news 3
22-1-2021 news 4

နေပြည်တော်၊ ဇန်နဝါရီ ၂၂

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်တွင် တိုးချဲ့အကောင်အထည် ဖော် ဆောင်ရွက်မည့် “တရားမမှုများတွင် တရားရုံးကဦး‌ဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ် အစီအစဉ်” နှင့်စပ်လျဉ်း၍ စေ့စပ်ဖြေရှင်းရေးအရာရှိသင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ ၂၂ ရက်၊ နံနက် ၀၉း၃၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

သင်တန်းအား ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း‌ ဆောင်ရွက်ရေးအေဂျင်စီတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး၊ ဂျပန်နိုင်ငံ Chukyo University မှ Professor INABA Kazuto က Online မှ ပါဝင်ဆွေးနွေးမည် ဖြစ်သည်။ သင်တန်းတွင် စေ့စပ်ဖြေရှင်းရေးအကြောင်း၊ တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်ပုံနှင့် ဥပဒေမူဘောင်၊ စေ့စပ်ဖြေရှင်းရေးအရာရှိများ၏ လုပ်ငန်းအတွေ့အကြုံ၊ စေ့စပ်ဖြေရှင်းရေး ဆောင်ရွက်ရန် သင့်လျော်သောအမှုများ၊ စေ့စပ်ဖြေရှင်းရေး သဘောတူညီချက်‌ရေးသားပုံ အစရှိသည့် အကြောင်းအရာများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ “တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းအဖွဲ့” မှ အဖွဲ့ဝင်များက ဆွေးနွေး ပို့ချမည်ဖြစ်သည်။

သင်တန်းပို့ချရာတွင် Online Platform အနေဖြင့် Zoom application နှင့် Google Classroom တို့ကို အသုံးပြုကာ သင်ခန်းစာပို့ချချက် ဗွီဒီယိုဖိုင်များနှင့် အခြားဖိုင်တို့ကို သင်တန်းသားများထံ မျှဝေပို့ချခြင်း ဖြစ်သည်။ သင်တန်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့တွင် (၃) ရက်ကြာ ပို့ချမည်ဖြစ်ပြီး၊ သင်တန်းသို့ မန္တလေးနှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ တရားရေးဦးစီးမှူးများ၊ ‌ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ တရားသူကြီးများနှင့် တရားရေးအရာရှိများ စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ကြသည်။